







“၂၆ ကြိမ်မြောက် သက်ကြီးဝါကြီးစာကြည့်တိုက်မှူးကြီးများအား ကန်တော့ခြင်းအခမ်းအနားပုံရိပ်များ”
ဒေါ်မြတ်စန်းငြိမ်း
မိမိတို့ထက် အသက်တစ်ရက်၊ တစ်မနက်ကြီးသောသူများ၊ ရိုသေလေးစားထိုက်သူများကို ဂါရဝပြု ခြင်း၊ ကျေးဇူးတရားကို သိတတ်ခြင်း စသည့်မင်္ဂလာတရားတော်နှင့်အညီ စာကြည့်တိုက်မှူး ဆရာကြီး ဆရာမကြီးများ၊ သင်ဆရာ၊မြင်ဆရာ၊ကြားဆရာများ၏ အကြားအမြင်၊ အသိပညာအတတ်ပညာနှင့် စာကြည့်တိုက်ပညာ များအပြင် လောကီ/လောကုတ္တရာရေးရာပညာများကိုပါ ဆည်းပူးလေ့လာခွင့်ရအောင် ဆောင်ရွက်ပေးကြသော သက်ကြီးဝါကြီး စာကြည့်တိုက်မှူးကြီးများကို လက်ဆယ်ဖြာထိပ်မှာမိုး၍ ရှိခိုးကန်တော့ခွင့်ရရှိသည့် မင်္ဂလာရှိသောနေ့(၂၂.၂.၂၀၂၅)သို့ရောက်ခဲ့ပါပြီ။
ကျွန်မတို့ကို သည်နေ့၊ သည်အချိန်၊ သည််အသက်အရွယ်အထိ အသိပညာနှင့်လူမှုအဖွဲ့ အစည်း အသီးသီးပါဝင်သော လူ့ဘောင် အသိုင်းအဝိုင်းကို မြန်မာနိုင်ငံစာကြည့်တိုက်အသင်း(MLA) ပညာအဖွဲ့ အစည်းအနေဖြင့်လည်းကောင်း၊ တစ်ဦးချင်းအနေ ဖြင့်လည်းကောင်း စာကြည့်တိုက်လုပ်ငန်းဖြင့် ဂုဏ်သိက္ခာ ရှိစွာ ရပ်တည်နိုင်ရန် အတွက်လည်းကောင်း လမ်းခင်းညွှန်ကြားပေးခဲ့သူများအား ဂုဏ်ပြု ကန်တော့ရသည့် ဤအခမ်းအနားသို့ စုံစုံညီညီတက်ရောက်လာကြသည့်အတွက် အထူးကျေးဇူးတင် ဝမ်းမြောက်ရပါသည်။
တစ်နှစ်တာအတွင်း မဆုံတွေ့ဖြစ်ကြသော သူငယ်ချင်း၊ မိတ်ဆွေအပေါင်းအသင်းများနှင့် ဆရာ/ ဆရာမ စာကြည့်တိုက် မိသားစုများ တွေ့ဆုံကြရသည့် ပျော်ရွှင်ဖွယ်အမှတ်ရဖွယ်နေ့လည်း ဖြစ်ခဲ့ပါသည် ။ကျွန်မတို့ စာကြည့်တိုက် မှူးများကို အသိပညာ၏ အုပ်ထိန်းသူများအဖြစ် နှစ်ပေါင်းများစွာ ပုံဖော် ပေးခဲ့သော ဆရာကြီး/ဆရာမကြီးများကို ဂုဏ်ပြုသော အခမ်းအနားလည်း ဖြစ်ပါသည်။
ဆရာကြီး/ဆရာမကြီးတို့သည် အတိတ်ကို ထိန်းသိမ်းရုံမက အနာဂါတ်ကောင်းရန်လည်း အခြေခံ တည်ဆောက်ပေးခဲ့ကြပြီး အသင်းကြီးအနေဖြင့် ပညာရပ်ဝန်းတွင် စာဖတ်အလေ့အထ၊ သုတေ သနပြုခြင်း နှင့် တစ်သက်တာသင်ယူခြင်းတို့ကို ချစ်မြတ်နိုးပြီး မျိူးဆက်သစ် စာကြည့်တိုက် နှင့်သုတပညာ ကျောင်းသား /သူ များကိုလည်း စာကြည့်တိုက်နှင့်သုတပညာကျွမ်းကျင်မှု စွမ်းအားများဖြင့် လူ့ဘောင် အဖွဲ့အစည်းကို ဆက်လက်အကျိုးပြုစေမည့် သူများအဖြစ် သင်ကြားပြသပေးခဲ့ကြပါသည်။ ထို့ပြင် စာကြည့် တိုက်ပညာ ထူးချွန်သူများ၊ စဉ်ဆက်မပြတ်ပေါ်ပေါက်လာစေရန် ပညာရည်ချွန် သင်တန်းသား-သူများအား ဆရာဇော်ဂျီ ဆု၊ ဆရာဇော်ဂျီဂန္ထလောကသင်္ဂဟဆု၊ ဆရာတိုက်စိုးဆု၊ ဆရာဦးသော်ကောင်းဆု၊ ၊ ဆရာမကြီး ဒေါ်ခင်ခင်အုန်းဆု ၊ ဆရာဦးမောင်မောင်ဆု၊ ဆရာကြီးမောင်ဆုရှင်ဆု စသည့်ဆုများကို နှစ်စဉ်ပေးအပ် ခြင်းဖြင့် သင်တန်းသူ-သားတို့၏ ကြိုးစားလိုစိတ်ကို မြှင့်တင်ပေးခဲ့ပါသည်။ အသက်အရွယ် ထောက်နေကြ သည့်တိုင်၊ ထိုဆုများကို ဝမ်းပန်းတသာကိုယ်တိုင်လာရောက် ချီးမြှင့်ပေးကြခြင်းသည်လည်း မင်္ဂလာတစ်ပါး ဖြစ် ပါသည်။ မြန်မာစာမဟာဝိဇ္ဇာဘွဲ့(ဘာသာဗေဒ) ပထမရသူဆုကို ဆရာကြီးဒေါက်တာ မျိုးသန့်တင် ကိုယ်တိုင်လာရောက်ချီးမြှင့်ပေးပါသည်။ ကွယ်လွန်သွားကြပြီဖြစ်သော ဆုရှင်ဆရာကြီး၊ ဆရာမကြီးတို့ ကိုယ်စား ကျန်ရစ်သူသား သမီးများက မိဘကိုယ်စား ဆုများကို ချီးမြှင့်ပေးကြပါသည်။
ထိုသို့သားသမီးတာဝန်ကို ကျေပွန်စွာ လာရောက်ဆုချီးမြှင့်ပေးကြသည့် ဒေါက်တာခင်မျိုးဟန် (ဆရာဇော်ဂျီ၏ သမီးကြီး)၊ ဦးချစ်ဖွယ်သန့်(ဆရာကြီးမောင်ဆုရှင် သား) တို့၏ မိဘအပေါ်တန်ဖိုးထားမှုကို မြင်တွေ့ရ၍ ကြည်နူးဝမ်းသာစွာ ကျေးဇူးတင်ရှိရပါသည်။
ဤကဲ့သို့ မျိုးဆက်သစ်တို့၏ ကြိုးစားမှု စိတ်အားထက်သန်မှုနှင့် ဉာဏ်ပညာများကို ရှေ့ဆောင် လမ်းပြသူဆရာကြီးများ၏ တန်ဖိုးထားအသိအမှတ်ပြုမှုကို၊ မြန်မာနိုင်ငံစာကြည့်တိုက်အသင်း၏အခမ်းအနား များတွင် ပြုလုပ်ပေးရသည်ကို အသင်းအနေဖြင့်ဂုဏ်ယူရပါသည်။ ရှေ့ဆက်ရမည့်ပညာခရီးတွင် စာကြည့်တိုက်ယဉ်ကျေး မှု၊တန်ဖိုးထားထိန်းသိမ်းမှု မိမိတည်ထောင်ထားသောစာကြည့်တိုက်တို့သည် အသိ ပညာ၏ မီးရှူးတန်ဆောင် အဖြစ် ဆက်လက်ရေရှည်တည်တံစေရန် ဤဆုများက ခွန်အားတစ်ရပ်ဖြစ် စေ မည်ဟု ယုံကြည်ပါသည်။ကျွန်မတို့စာကြည့်တိုက်မှူးတစ်ဦးချင်းစီ၏ သက်မွေးဝမ်းကျောင်းအလုပ်နှင့် ဘဝတသက် တာဂုဏ်ယူစွာ ရပ်တည်နေနိုင်စေမည့် စာကြည့်တိုက်လုပ်ငန်းများ၊ အစီအစဉ် များ၊ တီထွင်ဆန်းသစ်မှုများနှင့်အတူ အကောင်းဆုံးဝန်ဆောင်မှုများကို မှတ်ကျောက်တင်ကျန်ရစ်စေရန် လမ်း ပြဦးဆောင်ပေးခဲ့သော ဆရာကြီးဦးသိန်းဟန်(ဇော်ဂျီ)၊ ဦးသော်ကောင်း၊ ဆရာမဒေါ်ခင်သက်ထားနှင့် ဆရာ၊ ဆရာမအားလုံးကို ဤစာစုဖြင့် ဂါရဝပြုအပ်ပါသည်။ ကွယ်လွန်သွားကြပြီ ဖြစ်သော ကျွန်မ၏လက်ဦးဆရာ စီးပွားရေးတက္ကသိုလ်စာကြည့်တိုက်မှူးကြီး ဒေါ်လှိုင်လှိုင်ချိုနှင့်အတူ ဆရာမကြီး ဒေါ်ညွှန့်မြင့်၊ ဒေါ်ခင်ခင်အုန်း၊ ဒေါ်ကျော့ကျော့၊ ဦးတင်ဦး၊ ဦးမောင်မောင်၊ ဒေါ်တင်အေးကြည်စသူတို့၏ ကျေးဇူးတရားများကိုလည်း အမြဲတမ်း အောက်မေ့သတိရ၊ အမှတ်ရနေဆဲဖြစ်ပါသည်။
မြန်မာနိုင်ငံစာကြည့်တိုက်အသင်း(MLA)၏ တစ်နှစ်တာ ဆောင်ရွက်ခဲ့သော အခြေခံနှင့်အလယ် အလတ်စာကြည့်တိုက်ပညာသင်တန်းများ၊ ဆွေးနွေးပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများတွင် တက်ရောက်ချီးမြှင့် ပံ့ပိုးကူညီခွန့်အားဖြည့်ပေးပါသော ဆရာကြီးဦးတင်မောင်လွင်၊ ဆရာမကြီးဒေါ်ခင်ခင်ထွန်း၊ ဆရာမကြီး ဒေါ် တင်ဘုန်းနွယ်၊ (မန္တလေးမှ) ဆရာကြီးဉာဏ်ထွန်း၊ ဆရာဦးမြင့်ကြိုင် နှင့် ဥပဒေရေးရာများနှင့်ပတ်သက်၍ အမြဲ တမ်းအကြံပေးပါသော ဆရာဦးအေးချို၊ ဆရာကြီးဦးသန်းအောင်၊ ဆရာမကြီးဒေါ်အဝင်း နှငိ့ ဆရာမကြီးဒေါ်ခင်နှင်းဦးတို့အားတို့အား အထူးကျေးဇူးတင်ရှိပါကြောင်းနှင့်အတူ ဆက်လက် ပံ့ပိုးအား ဖြည့်ပေးနိုင်စေရန်၊ ကိုယ်စိတ်နှစ်ဖြာကျန်းမာစွာ ရာကျော်သက်တမ်းရှည်ပါစေကြောင်း ဆုမွန် ကောင်းတောင်း ရပါသည်။
အဆိုပါအခမ်းအနားတွင် အစီအစဉ်အရ ဥက္ကဌ ဒေါ်မြတ်စန်းငြိမ်းက အဖွင့်အမှာစကား ပြောကြားပြီး နောက် ဒုတိယဥက္ကဌ ဒေါက်တာခင်လေးစိုးက သက်ကြီးဝါကြီး ဆရာကြီး၊ဆရာမကြီးများအား မျိုးဆက်သစ် စာကြည့်တိုက်မှူးများနှင့် မိတ်ဆက်ပေးပါသည်။ ဆက်လက်၍ ကွယ်လွန်သွားကြပြီဖြစ်သော ဆရာကြီး၊ ဆရာမကြီးများကို ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ်သက်၍ ဂါရဝပြုမေတ္တာပို့ပေးကြပါ သည်။ အစီအစဉ်အရ ဦးခင်မောင်ဆွေ( MLA EC) က ဦးဆောင်၍ ကန်တော့ချိုးဖြင့် ဆရာကြီး၊ ဆရာမကြီး များအား ပူဇော်ကန်တော့ကြပါသည်။
ကန်တော့ခံဆရာမကြီး ဒေါ်ခင်ခင်ထွန်း(မော်ကွန်တိုက်-ငြိမ်း)နှင့် ဦးမြင့်ကြိုုင်(ယဉ်ကျေးမှုဗိမာန်ဦးစီး ဌာန-ငြိမ်း)တို့က ဆုံးမဩဝါဒစကားချီးမြှင့်ပြောကြားကြပါသည်။ ဆက်လက်၍ အလှူရှင်အမည်စာရင်းကို အခမ်းအနားမှူးဖြစ်သည့် ဒေါ်ဆွေဆွေမာနှင့် ဒေါ်ဝတ်ရည်စိုး (MLA EC) တို့က ဖတ်ကြားပေးပါသည်။ ဒုတိယ ဥက္ကဌဒေါ်စိုးစိုးလင်း က ဂါရဝပြုစကားနှင့်အတူ ကိုယ်တိုင်ရေးသားသော ကဗျာဖြင့် ကန်တော့ခဲ့ပါသည်။ ဆက်လက်၍ စာကြည့်တိုက်နှင့်သုတပညာထူးချွန်ဆုများကို ဆုရှင်ဆရာကြီး၊ ဆရာမကြီးများက ချီးမြှင့်ခဲ့ပါသည်။ နောက်ဆုံးအစီအစဉ်ဖြစ်သည့် ဆရာကြီး၊ဆရာမကြီးများကို ကံစမ်းမဲပစ္စည်းများဖြင့် ကန်တော့လက်ဆောင် ပေး၍ (၂၆) ကြိမ်မြောက် သက်ကြီးဝါကြီး စာကြည့်တိုက်မှူးကြီးများ ကန်တော့ခြင်းအခမ်းအနား အောင်မြင် စွာပြီးစီး ပါကြောင်း မှတ်တမ်းပြုရေးသားလိုက်ရပါသည်။ နိဂုံးချုပ်အနေဖြင့်စာကြည့်တိုက်အသင်းကြီး၏စီမံကိန်းများအောင်မြင်စေရန်၊ရေရှည်တည်တံ့စေရန်အချိန်နှင့်လုပ်အားဒါနလှူဒါန်းပေးလျက်ရှိသောမမဒေါ်စုစုနှင့်ဒေါ်မိမိတို့ဦးဆောင်သောအလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့်စာကြည့်တိုက်မိသားစုဝင်များအားလုံး၊စေတနာထက်သန်စွာလိုအပ်သည့်နေရာတိုင်းတွင်ပံ့ပိုးပေးလျက်ရှိသောမမဒေါ်တင်အေးခိုင်နှင့်အလှူရှင်များအားလုံးအားကျေးဇူးတင်ကြောင်းမှတ်တမ်းပြုရေးသားလိုက်ရပါသည်။