Librarians’ Note (U Nyan Tun)

MLA (Myanmar Library Association) က မှတ်သားစရာစကားနှင့် ဆရာဖြတ်သန်းခဲ့ရသော စာကြည့်တိုက်မှူးဘဝ အတွေ့အကြုံလေးတွေပြောပြပေးပါလို့ ဖုန်းဆက်လာပါတယ်။
PROUD TO BE A LIBRARIAN (စာကြည့်တိုက်မှူးဖြစ်ရတာ ဂုဏ်ယူကြပါစို့)
“စာကြည့်တိုက်မှူးဆိုတာအသိပညာဖြန့်ဖြူးပေးနေရသော ပရဟိတသမားတွေပါ။”
စာကြည့်တိုက်မှူး ဆိုတာက အသိပညာဖြန့်ဖြူးနေကြသူတွေဖြစ်တော့ သုတ၊ ရသဆိုင်ရာစာပေအားလုံးကို ဖတ်နိုင်သလောက်၊ လက်လှမ်းမှီသလောက် ဖတ်ရှုဖို့လိုပါတယ်။ အနည်းဆုံးတော့ စာအုပ်တစ်အုပ်၏ မာတိကာ၊ နိဒါန်း၊ အမှာစကားတို့ကို ဖတ်ထားကြဖို့ လိုအပ်ပါတယ်။
စာဖတ်သူများ(Users)လိုချင်သော သတင်းအချက်အလက်ကို အမြန်ဆုံး၊ အချိန်တိုအတွင်း ရှာဖွေ လမ်းညွှန်နိုင်မှသာ  စာကြည့်တိုက်၏ရည်ရွယ်ချက် အောင်မြင်နိုင်ပါတယ်။ စာဖတ်သူများ အားကိုးထိုက်သော စာကြည့်တိုက်တစ်ခုဖြစ်လာနိုင်ပါတယ်။
နိုင်ငံခြားတက္ကသိုလ်ပါမောက္ခတစ်ဦး၏ အဆိုအမိန့်တစ်ခုကိုဖတ်ဖူးခဲ့ပါတယ်။
ဆရာကောင်းတစ်ယောက်ဖြစ်ဖို့လွယ်ကူသော်လည်း စာကြည့်တိုက်မှူးကောင်းတစ်ဦးဖြစ်ဖို့ မလွယ်ကူကြောင်း မှတ်တမ်းစကားပြောကြားခဲ့တာ ဖတ်ဖူးခဲ့ပါတယ်။
“It is better to be a good teacher but not a good librarian”
ဤမှတ်သားစရာစကားလေးကို ရင်ဝယ်စွဲလန်းပြီး နေ့စဉ်တိုးတက်ပြောင်းလဲနေသော သိပ္ပံ၊ ဝိဇ္ဇာ၊ နည်းပညာဘာသာရပ်တွေကို မျက်ခြေမပြတ် လေ့လာနေဖို့လိုပါတယ်။
စာကြည့်တိုက်မှူးကောင်းတစ်ယောက် ဖြစ်ချင်ကြပါက စာဖတ်နာကြပါ။ တိုးတက်ပြောင်းလဲနေသော ကမ္ဘာကြီးမှာ ယှဉ်ပြိုင်နိုင်ဖို့အတွက် ကွန်ပျူတာနဲ့နည်းပညာတွေ ပိုမိုတတ်ကျွမ်းအောင်ဆောင်ရွက်ထား ကြရပါမယ်။
စာကြည့်တိုက်မှူးတွေမှာ ထိုက်သင့်သော အင်္ဂလိပ်စာတတ်ကျွမ်းဖို့ လိုအပ်ပါတယ်။ အင်္ဂလိပ်ဘာသာ စကားကို ပြောနိုင်ရေးနိုင်သည့် အထိလေ့လာတတ်ကျွမ်းဖို့လိုအပ်ပါတယ်။
အဘယ်ကြောင့်ဆိုသော် စာကြည့်တိုက်မှူးဆိုတာနိုင်ငံတကာနဲ့ရင်ဘောင်တန်းနေကြတာမို့
(၁) စာကြည့်တိုက်မှူးတွေရဲ့အရည်အသွေးမြှင့်နေကြရမယ်။
(၂) စာကြည့်တိုက်တွင်စုဆောင်းထားသော စာအုပ်စာတမ်း၊စာပေပစ္စည်းများသည် ခေတ်မှီနေရမည်။ စာအုပ်စာတမ်းများသည် အမြဲတမ်း၊တတ်နိုင်သလောက် ခေတ်နောက်ကျနေတာမျိုး မဖြစ်စေရပါ။ သင်ကြားရေးဆိုင်ရာတက္ကသိုလ်များအတွက် ဤအရာသည်အလွန်အရေးကြီးပါတယ်။
(၃) စာကြည့်တိုက်မှူးတွေသည် ဘာသာစကားတစ်မျိုးထက်မက တတ်ကျွမ်းထားပါက ပိုမိုကောင်း မွန်ပါတယ်။
စာကြည့်တိုက်မှူးဆိုတာက
❖ ပညာရှာသူ တို့ဝိုင်းကူ
❖ ဖြန့်ဖြူးပညာ တို့ဝန်တာ…… ဆိုသောဆရာကြီးများ၏ လမ်းညွှန်ဆောင်ပုဒ်များအတိုင်း

မိမိတာဝန်ထမ်းဆောင်ရာ နေရာ၊ ဒေသတို့တွင် လိုအပ်နေကြသော အသိပညာဖြန့်ဖြူးရေးဖြစ်သော စာကြည့်တိုက်ပညာများကို လက်ဆင့်ကမ်းဆောင်ရွက်ကြရန်လိုပါတယ်။
စာကြည့်တိုက်နှင့် သုတပညာဖြင့် လောကကိုအသိပညာဖြန့်ဖြူးကြပါစို့…

Scroll to Top