Librarians Notes (Daw Sandra Chit Hpo)

စာကြည့်တိုက်ဆိုတာ၊ ကောင်းမွန်သောအဆောက်အဦးဖြစ်ခြင်းနှင့် ပရိဘောဂများရှိခြင်း၊ ဘဏ္ဍာငွေအလုံအလောက်ရရှိခြင်း၊ ကောင်းမွန်ပြည့်စုံသော စာအုပ်စာတမ်းများရှိခြင်း၊ IT နည်းပညာနှင့်ပတ်သက်သောအထောက်အပံ့ပစ္စည်းများ ကွန်ပျူတာ၊ အင်တာနက်တို့ရှိရုံမျှ နှင့် စာကြည့်တိုက်ကောင်းတစ်ခုဖြစ်တယ်လို့ သတ်မှတ်လို့မရနိုင်ဘဲ၊ ကောင်းမွန်သောဝန်ဆောင်မှုများ ကိုပေးနိုင်တဲ့ စိတ်ရင်းစေတနာကောင်းသော စာကြည့်တိုက်မှူးရှိမှသာလျှင် စာကြည့်တိုက်ကောင်းတစ်ခု ဖြစ်တယ်ဆိုတာကို MLA ကကျင်းပသော သင်တန်းများ၊ စကားဝိုင်းများမှာမကြာခဏ ထည့်သွင်း ပြောကြားလေ့ရှိပါတယ်။ ဒါကြောင့် စာကြည့်တိုက်မှူးများ သတိထားသင့်တဲ့ အကြောင်းအရာများကို အဓိကထားပြီး ရေးချင်ပါတယ်။
စာကြည့်တိုက်မှူးများသည်-
ဘာသာရပ်တစ်ခုတည်းတွင် ကျွမ်ကျင်သူများမဖြစ်စေဘဲ၊ မေးလာသမျှကို ဖြေကြားနိုင်ရန်၊ အလုံးစုံကို သိကျွမ်းစေရန် လေ့လာထားရပါမယ်။
မိမိစာကြည့်တိုက်တွင်ရှိသောစာအုပ်ကို ငှား‌‌ပေးခြင်းသည် သာမာန်ဝန်ဆောင်မှုတစ်ခုသာ ဖြစ်ပါတယ်။  စာရှာသူများမေးလာသော အကြောင်းအရာအချက်အလက်များနှင့်ပတ်သက်၍သော်လည်းကောင်း၊ စာအုပ်စာတမ်းများနှင့်ပတ်သက်၍သော်လည်း ကောင်း၊ မိမိစာကြည့်တိုက်တွင်မရှိလျှင်၊ ယင်းမေးမြန်းသည့် အချက်အလက်များ၊ ရှိနိုင်သည့်နေရာများကို ညွှန်ကြားပြောပြပြီး၊ သက်ဆိုင်သူများနှင့် link ချိတ်ပေးနိုင်ရမည်။ ဒါကြောင့်စာကြည့်မှူးများဟာ network ကျယ်ကျယ်ပြန့်ပြန့်ရှိဖို့ လိုပါတယ်။ “ငါးမရရေချိုးပြန်” ဆိုတဲ့စကားအတိုင်း စာရှာသူတိုင်းကို ကျေနပ်မှု  user satisfaction အမြဲပေးနိုင်ရမည်။
“Where to find, how to find” ဆိုတဲ့စကားကိုမမေ့ဖို့ ဆရာမကြီးဒေါ်ညွန့်မြင့် အမြဲမပြတ် သင်ကြားခဲ့ ပါတယ်။ ကျွန်မကုလသမဂ္ဂပြန်ကြားရေးဌာနစာကြည့်တိုက်မှာ စာကြည့်တိုက်မှူးအဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့စဉ်က၊ အကြောင်းအရာတစ်ခုခုကိုလာမေးလို့ ပြန်မဖြေနိုင်မှာအရမ်းကို ထိတ်လန့်ခဲ့ရပါတယ်။ အဲဒီတုန်းကဆရာမကြီးဒေါ်ညွန့်မြင့်က နီပေါနိုင်ငံ ခတ္တမ္ဒုမြို့တွင် UNV (United Nations Volunteer) အဖြစ်တာဝန်ထမ်းဆောင်နေသည့် အချိန်ဖြစ်သဖြင့်၊ အရေးအကြောင်းဆိုလျှင် အနီးတွင်မေးရမည့်သူမရှိပါ။ Internet, Email အချိန်မဟုတ်သဖြင့်၊ တစ်ခုခုဆိုလျှင် စာအုပ်ထဲကဘဲ ရှာရပါတယ်။ ကုလသမဂ္ဂပြန်ကြားရေးဌာနစာကြည့်တိုက်က Reference Library  ဖြစ်တဲ့အတွက် စာအုပ်ကို တိုက်ရိုက်မေးပြီးငှားတာထက်၊ အကြောင်းအရာများကိုရှာပေးရတာများပါတယ်။
ယေဘူယျ အားဖြင့် ကျွန်မ title ကို Librarian လို့အလွယ်ခေါ်ပေမဲ့ တကယ်ကတော့ Reference Assistant ဖြစ်ပါတယ်။ International Law နဲ့ပတ်သက်လို့ နကန်းတစ်လုံးမှမသိသောကျမကို ဆရာမကြီး ဒေါ်ညွန့်မြင့်ရဲ့  “Where to find, how to find” ဆိုတဲ့ စကားက ကယ်တင်ခဲ့ပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာတချို့သော Law Thesis, IR Thesis တွေရဲ့ out line တွေကို ရေးဆွဲပေးနိုင်ခဲ့ပါတယ်။
စာလာရှာသူ မေးတဲ့အကြောင်းတွေကိုကိုယ့်အနေနဲ့တခါမှမကြားဘူး၊ မသိဘူး ဆိုရင်လည်း ရှက်စရာမဟုတ်ဘဲကိုယ့်ထက်ငယ်ပေမဲ့သူတို့ဆီကပြန်လည်သင်ကြားရပြီး၊ အဲ့ဒီကမှတဆင့် ဆက်စပ်မှုရှိတဲ့အကြောင်းအရာများကိုရှာဖွေပေးခြင်းဖြင့်ကူညီနိုင်ပါတယ်။
-“မိမိငှားလိုက်သောစာအုပ်များတွင်ဖုန်မရှိစေရ”၊ ဒီစကားဟာလည်း ဆရာမကြီးဒေါ်ညွန့်မြင့်  ပြောလေ့ရှိသောစကားပါ၊ ရုတ်တရက်ကြည့်မယ်ဆိုရင် ဒီစကားက အရေးမကြီးဘူးလို့ ထင်ရပါလိမ့်မယ်။ ကျွန်မစာကြည့်တိုက် ဒီပလိုမာသင်တန်းစတက်မယ်လုပ်တုန်းက၊ ဆရာမကြီးဒေါ်ညွန့်မြင့်က ဖုန်သုတ်တတ်ရဲ့လားလို့ မေးပါတယ်။ မိမိငှားလိုက်တဲ့စာအုပ်မှာဖုန် တွေရှိရင်၊ စာကြည့်တိုက်မှူးရော၊ စာကြည့်တိုက်ပါ impression မကောင်းဘူး၊ သိက္ခာကျတယ်လို့ ပြောပါတယ်။ ဒါကြောင့် ကျမစာကြည့်တိုက်မှူးဖြစ်တဲ့အချိန်ကစလို့ ပင်စင်ယူတဲ့အထိ စားပွဲဘေးအောက်နားမှာ ဖုန်သုတ်ဖို့ အဝတ်စအမြဲထားပါတယ်။ တချို့မငှားတာကြာလို့ စင်ပေါ်မှာ ဖုန်‌ပေနေတဲ့စာအုပ်ဆိုရင် ဖုန်သုတ်ပြီးမှ စာငှားသူကိုပေးတဲ့အကျင့်ဖြစ်သွားပါတယ်။
– ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်ရမယ့်အပြင် မိမိစာကြည့်တိုက်တွင်ရှိသော ဝန်ထမ်းများအတွက် စံပြဖြစ်ရပါမယ်။ မိမိ၏အောက်လက်ငယ်သားများကို ဘက်မလိုက်ဘဲတပြေးညီ ဆက်ဆံနိုင်ရမယ်။ အခြေခံမှစ၍ ကောင်းမွန်စွာသင်ကြားပြသနိုင်ရမယ်။ (ဥပမာ- စာအုပ်များကို စာမျက်နှာလှန်သည့်အခါ စာအုပ်၏ညာဘက်ထိပ်ဒေါင့်မှနေ၍ လှန်ရမယ်။ တံတွေးစွတ်ပြီးမလှန်ရ။ အလိုရှိသောစာမျက်နှာကို ရှာတွေ့လျှင်လည်း၊ စာအုပ်မှစာရွက်ကိုခေါက်ပြီး အမှတ်အသားမလုပ်ရ… စသည်ဖြင့်)၊ သိထားသင့်သည့် သတင်းအချက်အလက်များကိုလည်း လက်အောက်ငယ်သားများ ထိရောက်စွာဝေမျှရမယ်။
– နေ့စဉ် ပညာဒါနပြုလုပ်နေသူများဖြစ်တာကြောင့် အမြဲတန်းကုသိုလ်ရနေပါတယ်။ ဒါကြောင့် မိမိရဲ့ Profession ကိုလေးစားတန်ဖိုးထားသင့်ပါတယ်။
တိုင်းပြည်တစ်ပြည်တိုးတက်ခြင်းဟာ အသိပညာပြည့်စုံသူများပြားခြင်းဆိုတဲ့အချက်ကလည်း အကြောင်းရင်းတစ်ရပ် ဖြစ်ပါတယ်။ ဒီလိုဖြစ်ဖို့စာဖတ်ဖို့လိုပါတယ်၊ စာဖတ်ဖို့ဝန်ဆောင်မှုကောင်း တဲ့ စာကြည့်တိုက်ကောင်းများ ထွက်ပေါ်လာဖို့လိုပါတယ်။ အဲ့ဒီလိုထွက်ပေါ်လာနိုင်ဖို့  MLA အသင်းက အဓိကအခန်းမှနေပြီး အားသွန်ခွန်စိုက်လုပ်ဆောင်လျက်ရှိပါတယ်။ အောင်မြင်မှုတွေ အများကြီးရရှိခဲ့ ပါတယ်။ ဒါကြောင့် MLA အသင်းကြီး ရေရှည်တည်တံ့အောင် ထိန်းသိမ်းဖို့ စာကြည့်တိုက် လောကသား အားလုံးမှာတာဝန်ရှိကြောင်း သတိပေးနှိုးဆော်လိုက်ပါတယ်။

ဒေါ်စန္ဒြာချစ်ဖို့
အထွေထွေအတွင်းရေးမှူး
မြန်မာနိုင်ငံစာကြည့်တိုက်အသင်း

Scroll to Top