Librarians’ Notes (Daw Mi Mi)

အစဥ်တည်တံ့အောင်မြင်သော စာကြည့်တိုက်တစ်ခု ဖြစ်လာဖို့ဆိုလျှင်
စာကြည့်တိုက်လုပ်ငန်းစဥ်တစ်ခုလုံးကို စီမံခန့်ခွဲဆောင်ရွက်မည့် စာကြည့်တိုက်မှူး၏ အရည်အချင်း လုပ်ဆောင်ချက်သည် အရေးပါသောကဏ္ဍတစ်ခုဖြစ်သည်နှင့်အညီ ယင်းစာကြည့်တိုက်မှူးနှင့်အတူ ပူးပေါင်း ပါဝင်ထမ်းဆောင်နေကြသည့် စာကြည့်တိုက်ဝန်ထမ်းများ၏ အခန်းကဏ္ဍသည်လည်း အရေးကြီးသော ကဏ္ဍတစ်ခုပင်ဖြစ်ပါသည်။
မိမိစာကြည့်တိုက် တိုးတက်အောင်မြင်စေရန်အတွက် မည်မျှပင်စိတ်အားထက်သန်တက်ကြွသော စာကြည့်တိုက်မှူးဖြစ်လင့်ကစား စာကြည့်တိုက်ဝန်ထမ်းများ၏ ပံ့ပိုးကူညီမှုကိုမရရှိပါက ရထားတွဲ လိုက်ပါခြင်းမရှိဘဲ စက်ခေါင်းတစ်ခုတည်းမောင်းနှင်နေသော ရထားကဲ့သို့ဖြစ်ပေလိမ့်မည်။
မိမိစာကြည့်တိုက်ဝန်ထမ်းများ စာကြည့်တိုက်လုပ်ငန်းဆောင်တာများကို စိတ်ပါဝင်စားမှုရှိစေရေး၊ အချင်းချင်း စည်းလုံးညီညွတ်မှုရှိစေရေး၊ စာပေလေ့လာလိုက်စားမှု စိတ်ဓာတ်မြင့်မားလာစေရေး၊ စာဖတ်အလေ့အကျင့် တိုးမြှင့်လာစေရေးတိုကို စာကြည့်တိုက်မှူးအနေဖြင့် စဥ်ဆက်မပြတ် အကဲခတ်စီမံခန့်ခွဲမှုပြုနိုင်ဖို လိုအပ်ပါသည်။
စာကြည့်တိုက်ဝန်ထမ်းများ၏ ရာထူးတိုးမြှင့်ရေး၊ အသိဉာဏ်ပညာကြွယ်ဝလာစေရေး၊ ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲလာသော စာကြည့်တိုက်နည်းပညာရပ်များကို စဥ်ဆက်မပြတ် လေ့လာဆည်းပူးနိုင်စေရေးတို့အတွက် စာကြည့်တိုက်နှင့်ပတ်သက်သည့်သင်တန်းများကို တက်ရောက်စေလွှတ် သင်ကြားနိုင်ခွင့်ကိုလည်း ဝန်ထမ်းတစ်ဦးချင်းအလိုက် အလေးထား ဆောင်ရွက်ပေးရန်လိုအပ်ပါသည်။
စာကြည့်တိုက်မှူးသည် မိမိ၏လုပ်ငန်းတာဝန်ဝတ္တရားများကို လေးစားလိုက်နာသော စည်းကမ်းတိကျသော စာကြည့်တိုက်မှူးဖြစ်သည်နှင့်အညီ မိမိဝန်ထမ်းများကိုလည်း စီမံခန့်ခွဲအုပ်ချုပ်ရာတွင် ကိုယ်ချင်းစာတရားနှင့် ပြည့်စုံသော၊ အထက်အောက် အပြန်အလှန် လေးစားမှုရှိသော၊ နွေးထွေးကြင်နာတတ်သော ဝန်ထမ်းတစ်ဦးချင်း၏ အားနည်းချက် အားသာချက်များကို အစဥ်သိရှိနားလည်သော စာကြည့်တိုက်မှူးဖြစ်ဖို့ လိုအပ်ပါသည်။
စာကြည့်တိုက်ဝန်ထမ်းများအနေဖြင့်လည်း မိမိတို့စာကြည့်တိုက်မှူး၏ နားလည်မှုများစွာဖြင့် စီမံအုပ်ချုပ်မှုအပေါ် အခွင့်ကောင်းမယူဘဲ ကျရာတာဝန်ဝတ္တရားများကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ မခိုမကပ်ဘဲ ဆောင်ရွက်ကြခြင်းဖြင့် အောင်မြင်သောစာကြည့်တိုက်တစ်ခုဖြစ်လာမည်မှာ မလွဲဧကန်ပင် ဖြစ်ပါတော့သည်။

(မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်စာကြည့်တိုက်တွင် အနှစ် (၃၀) ကျော် တာဝန်ထမ်းဆောင်ခဲ့သည့်ကာလတစ်လျှောက် မိမိစာကြည့်တိုက်ဝန်ထမ်းများနှင့် အခါအားလျော်စွာပြုလုပ်ခဲ့သည့် ‘လွတ်လပ်စွာပြောဆိုခွင့်ရှိသော နွေးထွေးပြီး အပြုသဘောဆောင်သော စကားဝိုင်းလေးများ’ ပြုလုပ်ခြင်းဖြင့် မိမိဖက်ကမှန်သည် ထင်သောအမှားများ၊ အားနည်းချက်များကို ပွင့်လင်းစွာဆွေးနွေးခြင်းဖြင့် သိရှိနိုင်ခဲ့ပြီး မိမိဖက်ကလည်း လိုချင်သည့်အနေအထား မဖြစ်နိုင်သော်လည်းအခက်အခဲများစွာရှိသော်လည်း မိမိပြုလုပ်ချင်သည့်စီမံချက်လုပ်ငန်းများကို ကူညီဆောင်ရွက်ပေးခဲ့ကြသည့် စာကြည့်တိုက်ဝန်ထမ်းများအား အစဥ်ကျေးဇူးတင်လျက်)

ဒေါ်မိမိ
စာကြည့်တိုက်မှူး(ငြိမ်း)
မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်
အတွင်းရေးမှူး-၂
မြန်မာနိုင်ငံစာကြည့်တိုက်အသင်း

Scroll to Top