Librarians’ Notes (Daw Myat San Nyein)

Programming Librarian
လုပ်ငန်းခွင်ဘဝ ၃၅ နှစ်အတွင်းမှာ စာကြည့်တိုက်မှူး စာကြည့်တိုက်လက်ထောက် လုပ်ခဲ့သမျှ အလုပ်တိုင်း နေရာတိုင်း ရာထူးအကြီးအသေးတို့မှာ အစီအစဉ်အမျိုးမျိုး (ကြီးကြီးသေးသေး/ပုံမှန်အလုပ်ပဲဖြစ်ဖြစ်) လုပ်ဆောင်သည့်အခါတိုင်း ကြိုတင်စီစဉ်ခြင်း၊ တိုင်ပင်ခြင်း၊ အချိန်နေရာတွက်ဆခြင်း၊ plan A plan B လျာထားခြင်းတို့ကို အသေးစိတ် စိတ်နှစ်ပြီးဆောင်ရွက်ခဲ့လို့ စာဖတ်သူ ၂၀-၃၀ ခန့်လာသောပွဲမှသည် စာဖတ်သူ ၁၀၀၀ လာသောပွဲအထိ အဆင်ပြေချောမွေ့အောင်မြင်ခဲ့ပါတယ်၊
ဘာကြောင့်လဲ
၁။ အလုပ်ကို မြတ်နိုးလို့
၂။ အလုပ်ရှင်ကို လေးစားလို့၊ တစ်ခါတစ်ရံ ကြောက်လို့
၃။ မိမိလုပ်သောအလုပ် ထိရောက်စွာအကျိုးရှိစေဖို့
၄။ မိမိ ကျေးဇူးရှင်စာဖတ်သူများ တစ်စုံတစ်ခု အကျိုးရရှိစေဖို့
ဘယ်လိုလုပ်ခဲ့လဲ
၁။ ပါဝင်ဆောင်ရွက်မည့်သူများ အတွက် အလုပ်ခွဲခြားလုပ်ကိုင်နေရာချထားခြင်း
၂။ လုပ်ဖော်ကိုင်ဖက်များနှင့် လုပ်ကိုင်ဆောင်ရွက်ရမည့် check list ကို အပြန်ပြန်အလှန်လှန် ရေးဆွဲခြင်း(brain storming)
၃။ ဖိတ်ကြားမည့် စာကြည့်တိုက်အသင်းဝင်များ စာရင်းပြုစုခြင်း၊ ပြုလုပ်မည့် အစီအစဉ်နှင့်သင့်တော်သော အသင်းဝင်များ မကျန်ခဲ့စေရန် check recheck လုပ်ခြင်း
၄။ အစီအစဉ်အချို့အတွက် အသင်းဝင် မဟုတ်သော်လည်း ပြုလုပ်မည့်အကြောင်းအရာနှင့်ကိုက်ညီမှု ရှိသော ဧည့်သည်များအားဖိတ်ကြားခြင်း
၅။ ဖိတ်ကြားထားသည့်သူများအား အစီအစဉ် မစခင် တစ်ရက်အလို ထပ်မံ အသိပေးခြင်း
၆။ အစီအစဉ်နေ့တွင် ယာယီအစီအစဉ်အဖြစ် ပြေးလွှားလုပ်ကိုင်နိုင်ရန် Running sheet ရေးဆွဲခြင်းတို့ဖြင့် လုပ်ဆောင်ခဲ့ပါတယ်
၇။ အစီအစဉ်အပြီးတွင် အစီအစဉ်၏ ရည်မှန်းချက် အတိုင်းဆောင်ရွက်နိုင်မှု စာဖတ်သူများ၏ မျှော်လင့်ချက်ကို ဖြည့်စွမ်းနိူင်မှု ရှိမရှိ ပြန်လည်သုံးသပ်ကြရပါတယ်။
Library marketing plan
နေ့စဉ် စာငှားလုပ်ငန်း ရည်ညွှန်းလုပ်ငန်း၊ သုတေသနအထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း စာဖတ်သူတစ်ဦး လိုအပ်သော စာအုပ်စာတမ်း မရှိပါက အလားတူ စာအုပ်စာတမ်းများ ရရှိသွားစေရန် အလေးထားဆောင်ရွက်ခြင်းသည် ထိုစာဖတ်သူအား စာကြည့်တိုက်သို့ အကြိမ်ကြိမ်လာရောက်အသုံးပြုစေခဲ့ပါတယ်။ တစ်ကြိမ်သုံး စာဖတ်သူကတစ်ဆင့် ရာသက်ပန် စာဖတ်သူ စာကြည့်တိုက်မိတ်ဆွေဖြစ်သွားစေပါတယ်။ ထိုမိတ်ဆွေတို့မှတစ်ဆင့် စာဖတ်သူများစွာ တိုးပွားလာစေ ပါတယ်၊ စာကြည့်တိုက်ကို လူပိုသိစေပါတယ်။ ရေရှည်တည်တံ့စေသော အသိုက်အဝန်းကို တည်ဆောက်နိုင်စေပါတယ်။
Library programs planning
မျိုးဆက်သစ်စာကြည့်တိုက်မှူးများသည်လည်း မည်သည့်အလုပ်လုပ်ရသည်ဖြစ်စေ အလုပ်ရှင်ကို အလေးထားခြင်း၊ အလုပ်ကို တန်ဖိုးထားခြင်း၊ လုပ်ရမည့်အလုပ်ကို စနစ်တကျ တိကျစွာ လုပ်ဆောင်တတ်ခြင်း၊ ဆက်သွယ်သင့်သူများအား ကြိုတင် ချိတ်ဆက်ထားခြင်း၊ တစ်ခုအဆင်မပြေလျင် နောက်တစ်ခုကို ကြိုတင်စဉ်းစားထားခြင်းတို့အပြင် မိမိလုပ်သမျှ အလုပ်တိုင်း ၈၀ ရာခိုင်နှုန်းအောင်မြင်ရန် ကြိုတင်ရည်မှန်း လုပ်ဆောင်ကြပါက မိမိစာကြည့်တိုက်ရေရှည်တည်တံ့ အောင်မြင်ပြီး မိမိလုပ်ငန်းခွင် ဘဝတွင်လည်း မိမိအမည်တွင် ကျန်ရစ်စေမည်မှာမုချပါဟု အမှတ်တရစကားပါးလိုပါတယ်။
ဒေါ်မြတ်စန်းငြိမ်း
ဒု-ဥက္ကဋ္ဌ -၁
မြန်မာနိုင်ငံစာကြည့်တိုက်အသင်း