Librarians notes (Daw Khin Mu)

စာကြည့်တိုက်နဲ့ပတ်သက်တာတွေကို စာကြည့်တိုက်မှူးကြီးများက အသီးသီးရေးကြတာတွေ ဖတ်ရတာတန်ဖိုးရှိလှပါတယ်။
ကိုယ်ကဘိုကလေးတင့်အောင်အထိမ်းအမှတ်စာကြည့်တိုက် တည်ထောင်ရာမှာ တတပ်တအား ပါဝင်ခဲ့ပုံလေး တွေကို ရေးပြချင်ပါတယ်။ ၂၀၀၈ ခုနှစ် နာဂစ်မဖြစ်မီကာလတုန်းကပေါ့… ယဥ်ကျေးမှုတက္ကသိုလ်စာကြည့်တိုက်မှူး တာဝန်ထမ်းဆောင်နေစဥ်ကာလမှာ ပါမောက္ခချုပ်က ဘိုကလေးမြို့မှာ ဘိုကလေးတင့်အောင်အထိမ်းအမှတ်စာကြည့်တိုက် တည်ထောင်ရေးကိစ္စအတွက် အကူအညီပေးဖို့မေတ္တာရပ်ခံခဲ့ပါတယ်။
တပည့်ကျော် လက်ထောက်စာကြည့်တိုက်မှူးဝေဝေကြည်နဲ့ နှစ်ယောက် အပတ်စဥ် သောကြာနေ့ညနေ ဗိုလ်ကလေးမြို့ကိုသွား.. မြို့ခံဘွဲ့ရလူငယ်လေးများကိုစုပြီး စာကြည့်တိုက်သင်တန်းပေးပြီး စာကြည့်တိုက် ထူထောင်မဲ့အဆောက်အဦမှာ စာအုပ်တွေကို လက်တွေ့တိုက်ပိုင်စာရင်းသွင်း၊ ကက်တလောက်ရေး၊ မျိုးတူစုနံပါတ်ပေး၊ စင်တင်စတာတွေ လက်တွေ့လုပ်ဆောင်ပြသရပါတယ်။
၂၀၀၈ ဇန်နဝါရီခုနှစ်လောက်ကစသွားရတယ်.. အပတ်စဥ်သောကြာညနေ ရန်ကုန်ကထွက် တနင်္ဂနွေမနက် ပြန်လာပေါ့နော်.. စနေနံနက်ပိုင်းသင်တန်းပေး.. နေ့လည်ပိုင်း စာကြည့်တိုက်အဆောက်အဦးရှိရာနေရာမှာ စာအုပ်တွေ အထုတ်ဖောက်.. တိုက်ပိုင်စာရင်းသွင်းတာလက်တွေ့ပြ… ကက်တလောက်ကတ် ရေးနည်းတွေသင်.. လက်တွေ့ရေးခိုင်း.. ကိုယ်ကတော့အတည်ရေးပြီး.. စာရေးသူကတ်… စာအုပ်အမည်.. ဘာသာရပ်အမည်.. shelf card..(စင်ပေါ်ထားတဲ့အစီစဥ်အတိုင်း) အပြီးစီခဲ့ပေးပါတယ်။ အပတ်စဥ်သွားရာကနေ…ဧပြီလမှာ ပြီးအောင်ကြိုးစားလုပ်ခဲ့တယ်။ အဆောက်အဦက သူဌေးတယောက်လှူတာပါ.. ချမ်းသာတဲ့အတွက် အိမ်ထဲမှာမီးခံသေတ္တာပါ ထည့်ဆောက်ထားတယ်.. အထဲရောက်ရင် ကျောထဲကစိမ့်သလိုလို ခံစားရလေ့ရှိပေမယ့် လုပ်စရာရှိတာလုပ်လိုက်ရင် မေ့ပျောက်သွားပါတယ်။ တစ်နေ့တော့လှေကားပေါ်တက်ရင်း လက်ရမ်းပေါ်ကိုင်ထားတဲ့လက်က ရှသလိုခံစားရင်း သွေးတွေတစိမ့်စိမ့်ထွက်လာတာ အများကြီးပါဘဲ.. ဝေဝေကြည်က တစ်ရှူးလိပ်ကို ဖြဲပြီးပေးတာနဲ့သုတ်တာ တစ်ရှူးလိပ်တဝက်မကကုန်တယ်.. စိတ်ထဲတမျိုးခံစားရလို့ သင်တန်းက လူငယ်တယောက်ကိုမေးတော့ သူကမပြောချင်ပြောချင်နဲ့… စာကြည့်တိုက်လုပ်ဖို့ မလှူခင် ယူနီဆက်ကို ငှားတုန်းကဆို.. ထမင်းစားပွဲကြီးက အလိုလိုမှောက်သွားတာ ကြုံဘူးတယ်ပြောပါတယ်။ တစ်ယောက် ကလည်း သူအပေါ်ထပ်မှာ စာအုပ်ထုတ်တွေဖြည်နေရင် တစ်ယောက်ယောက်က စိုက်ကြည့်သလိုခံစားရပါတယ်တဲ့။ နဂိုကတဲကကြောက်တတ်သူ ကိုယ့်မှာငါဘာလုပ်ရမလဲ စဥ်းစားပါတယ်။ နောက်နေ့မနက်ရောက်တော့ ခြံထဲက ရေတွင်းနားသွားရပ်လိုက်ပါတယ်။ အိမ်စောင့်နတ်…. ခြံစောင့်နတ်.. ရုက္ခစိုးနတ်စတာတွေကိုမေတ္တာပို့ပြီးသစ္စာဆိုလိုက်ပါတယ်။
“ကျွန်ုပ်သည် ဤအဆောက်အဦတွင် စာကြည့်တိုက်တည်ထောင်ပေးရန် ရည်ရွယ်ချက်ဖြင့် လာရောက်ခြင်းဖြစ်ပါသည်။
စာကြည့်တိုက်မည်သည် လူအများပညာရှာရန် အကောင်းဆုံးဌာနတခုဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ကျွန်ုပ်အား အန္တရာယ်မပေးဘဲ မေတ္တာထားရန်တောင်းဆိုပါသည်။”
ရွတ်လိုက်ပြီးတာနဲ့ နောက်ကျောတခုလုံးတဖျင်းဖျင်းနဲ့ ကြက်သိမ်းတဖျန်းဖျန်းထပြီး ခေါင်းမွှေးတွေပါ ထောင်လာသလိုခံစားရပါတယ်။
နောက်ရက်တွေမှာတော့ စာကြည့်တိုက်ထူထောင်ပြီး ဖွင့်ပွဲအောင်မြင်စွာ လုပ်သည်အထိ မည်သည့် အန္တရာယ် အနှောင့်အယှက်မှ မတွေ့ရတော့ပါဘူး။
၂၀၀၈..မေလ..နာဂစ်မတိုင်မီစာကြည်တိုက်ဖွင့်လှစ်နိုင်ခဲ့ပါတယ်၊
ခုတော့ ဘဘဘိုကလေးတင့်အောင်လဲ ကွယ်လွန်ခဲ့ပါပြီ။ ဒေါ်ခင်မူ
စာကြည့်တိုက်မှူး(ငြိမ်း)
ယဉ်ကျေးမှုတက္ကသိုလ်