Librarians’ Notes (17)
စာကြည့်တိုက်သို့ရောက်ရှိလာသော စာအုပ်စာတမ်းအားလုံးကို မိမိကြိုက်သည်ဖြစ်စေ၊မကြိုက်သည်ဖြစ်စေ ထိုစာအုပ်စာတမ်းများတွင် မည်သည့်အကြောင်းအရာများပါဝင်သည်ကို လေ့လာဖတ်ရှုရပေမည်၊တစ်အုပ်လုံးမဖတ်နိုင်သည့်တိုင်အောင် စာရေးသူ၊စာအုပ်အမည်နှင့်မာတိကာတို့ကို ဖတ်ရှုလေ့လာမှတ်သားရပါမည်၊ မှတ်သားပြီးလျှင်လည်း စာဖတ်သူတို့ သိရှိနိုင်အောင် ပြန်လည်ဖြန့်ဝေနိုင်ရပါမည်။
စာအုပ်တွင်ပါရှိသည့် ဘာသာရပ်ဆိုင်ရာ အရေးကြီးအကြောင်းအရာများကို မှတ်စုတိုလေးများရေးထားနိုင်လျှင် ပိုကောင်းပါသည်။ သို့မှသာ စာဖတ်သူများမေးမြန်းသမျှကို ပြန်လည်ဖြေကြားပေးနိုင်မည်ဖြစ်သည်။ ရည်ညွှန်းစာအုပ်များကိုလည်း မည်ကဲ့သို့ရှာဖွေရသည်ကို မိမိကိုယ်တိုင်သိရှိထားမှသာလျှင် စာဖတ်သူကိုကူညီနိုင်မည်ဖြစ်သည်။
စာလာရှာသူတစ်ချို့သည် စာရေးသူ၊စာအုပ်အမည်မသိ၊ရှာလိုသောအကြောင်းအရာသာသိလျှင် မိမိကလေ့လာထားမှသာ ရှာဖွေပေးနိုင်မည်ဖြစ်သည်။စာဖတ်သူများအားဝန်ဆောင်မှုကောင်းမွန်စွာပေးနိုင်မည်ဖြစ်ပါသည်။ ဝန်ဆောင်မှုကောင်းမှသာလျှင် စာဖတ်သူများက အားကိုးပြီးအသုံးပြုနေမည်ဖြစ်ပါသည်။
စာရှာသူတစ်ဦးစီ၏ လိုအပ်သော ပညာရပ်ဆိုင်ရာ စာအုပ်စာတမ်းများကို ထို စာရှာသူနှင့် တွဲဖက်မှတ်သားထားနိုင်ပြီး အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်သော စာကြည့်တိုက်မှူးကောင်းများများ ပေါ်ထွက်စေရန်ဆန္ဒပြုပါသည်။nဖတ်မှတ်လေ့လာပြီးစာဖတ်သူများ သိရှိစေရန် ပြန်လည်ဖြန့်ဝေပေးနိုင်မှသာလျှင် အောင်မြင်သော စာကြည့်တိုက်ဖြစ်နိုင်ပါသည်။
စာကြည့်တိုက်ဝန်ထမ်းများသည် မိမိတို့စာကြည့်တိုက်လုပ်ငန်းကို စိတ်ဝင်တစားနှင့်အချင်းချင်းညီညွတ်စွာ ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်သွားလျှင် အမြဲတမ်းအောင်မြင်နေသောစာကြည့်တိုက်တစ်ခု ဖြစ်မည်ဖြစ်ပါသည်။
ဒေါ်စုစု
ဘဏ္ဍာရေးမှူး
မြန်မာနိုင်ငံစာကြည့်တိုက်အသင်း
စာကြည့်တိုက်မှူး(ငြိမ်း)
တက္ကသိုလ်များဗဟိုစာကြည့်တိုက်