Librarians’ Notes (10)
၁၉၇၂ ဇူလိုင်လ ၁၇ မနက် ၁၀နာရီမှာ နေ့စားအဖြစ်အလုပ်စဝင်လုပ်ဖို့ မန္တလေးတက္ကသိုလ်စာကြည့်တိုက်ကို ရောက်သွားတယ်။ စာငှားကောင်တာရှေ့မှာ ကျောင်းသူကျောင်းသားတွေရုံးစုရုံးစုရှိနေတာ တွေ့ရတယ်။ကောင်တာပေါ်မှာ လည်း စာရွက်စလေးတွေက အပုံလိုက်။
စာငှားတာဝန်ခံရှင်းပြတဲ့ စာအုပ်ရှာနည်းနားထောင်အပြီးမှာ၊ နေ့စားသုံးယောက်ဟာ စာရွက်စငါးရွက်စီ ကိုယ်စီကိုင်ပြီး စာအုပ်စင်ကြားမှာ ချာချာလည်တော့တာပေါ့၊ စာရွက်စပေါ်မှာရေးထားတဲ့ ဂဏန်း၊ အက္ခရာ၊ ဂဏန်းသုံးမျိုးပါတဲ့ စာထုတ် အမှတ်ဆိုတာနဲ့ စင်ပေါ်ကစာအုပ်အနှောင့်မှာရှိတဲ့ အဲဒီသုံးမျိုးကိုက်ညီတာကို ရှာရတာကိုး။ စာထုတ်အမှတ်နဲ့စာအုပ်အနှောင့် ကြားမှာ မျက်လုံးကဟိုပြေး၊ဒီလွှား။ ညာလက်ချောင်းတွေကလည်း စာအုပ်အနှောင့်တွေကြားမှာ ဟိုဟာလား၊ဒီဟာလား ရှာ။ အာအိအုအေအဲအောတို့၊ပင့်ရစ်ဆွဲထိုးတို့ကိုလည်း စိတ်ထဲမှာရွတ်ရွတ်ကြည့်ရသေးတယ်။ ကိုက်ညီတဲ့စာအုပ်ကိုများ တွေ့လိုက်ပြီဆိုရင် ဝမ်းကိုသာလို့။ စာအုပ်ရှာတွေ့ပြီဆိုတော့လည်း မအောင့်နိုင်ဘူး။ အမြန်သွားပြီး ကောင်တာပေါ်တင်ပေး လိုက်တယ်။ ကောင်တာဝန်ထမ်းက ဘာစာအုပ်ရပြီလို့ အော်လိုက်တော့၊ အုံနေတဲ့ကျောင်းသားတွေကြားက တစ်ယောက် ကောင်တာရှေ့ ကို ခပ်သွက်သွက်ရောက်လာတယ်။
စာအုပ်ကို ဟိုဒီလှန်လှောကြည့်ပြီး ကျေနပ်ဝမ်းသာတဲ့မျက်နှာနဲ့ စာဌားကတ်ပြားထုတ်ပေးတယ်။ ကောင်တာဝန်ထမ်းနောက် မှာရပ်နေတဲ့ စာအုပ်ရှာပေးသူကို သူမကြည့်ဘူး။ သတိပြုမိပုံတောင် မပေါ်ပါဘူး။ သူလိုချင်နေတဲ့စာအုပ်၊ သူရှေ့ရောက်လာ တာကိုပဲ သူဇောကပ်နေတာ။ ကိုယ်ကသာ၊ ငါရှာပေးလိုက်တာ သူလိုချင်တာဟုတ်ရဲ့လားသိလိုစိတ်နဲ့ သူ့ကိုကြည့်နေမိတာ ပါ။ ကျေနပ်ဝမ်းသာသွားတာကို မြင်လိုက်ရတော့၊ ငါ လုပ်ပေးလိုက်နိုင်တယ်ဆိုတဲ့ ပီတီလေး စိတ်ထဲမှာ ရေးတေးတေးတော့ ဖြစ်မိတယ်။ တကယ့်ကို ဝိုးတိုးဝါးတား ခပ်မွှားမွှားခံစားချက်ပါ။နှစ်တွေကြာလာတော့ ခပ်မွှားမွှားလေးဟာ စိတ်ထဲမှာခိုင်သွား တယ်။
စင်တွေအကြားလှည့်ပတ်ပြီး စာအုပ်ရှာပေးရတဲ့အလုပ်ကို နေ့စားနဲ့ဆယ့်သုံးလ၊စာငှားဌာနရဲ့ ပတ်မလုံးစုံအလုပ်ကို အငယ် တန်းစာရေးနဲ့ ဆယ့်တစ်နှစ်ကျော်လုပ်ခဲ့တယ်။ စင်တင်ပြီးစာအုပ်တွေကို ကတ်တလောက်သုံးပြီး ရှာဖွေနိုင်၊ထုတ်ယူနိုင် အောင် စနစ်ချစီမံထားပုံနဲ့ကျွမ်းဝင်သွားပါတယ်။ စာရေးသူ၊စာအုပ်အမည်၊ပညာရပ်ကတ်ပြားတွေ အက္ခရာစဉ်မှန်မှ၊အညွှန်း ကတ်ပြားတွေပြည့်စုံမှ၊ ပြန်အပ်စာအုပ်တွေကို စင်ပေါ်ပြန်တင်ရာမှာ နေရာမှန်ပါမှ ကိုယ်ရှာတဲ့စာအုပ်ကို အမြန်ဆုံး ထုတ်ယူ နိုင်မယ်။ပျောက်ဆုံးပယ်ဖျက်စာအုပ်ရဲ့ကတ်ပြားအားလုံးကို ဖယ်ထုတ်ထားမှ ၊စင်စာရင်းကိုလည်း ပုံမှန်စစ်ထားပါမှ စာရှာသူ နှစ်မျိုးလုံးအချိန်ကုန်သက်သာမယ်။ ကတ်တလောက်မှာစာအုပ်ရှိပြီး စင်ပေါ်မှာစာအုပ်ရှာမတွေ့ခဲ့ရင်၊ငှားလိုကြောင်းလျာ ထားအဖြစ်သတ်မှတ်ပြီး စာအုပ်ထုတ်ပေးနိုင်သည်အထိ ဆောင်ရွက်ပေးပါမယ်။ ဒါတွေဟာ ကတ်တလောက်မှာရှိပါလျက်နဲ့ ငှားလိုသူလက်ထဲကို စာအုပ်ထည့်မပေးလိုက်နိုင်တာမျိုး မဖြစ်ရအောင်စီမံထားတာပါ။
စာငှားကောင်တာပေါ်ကို စာအုပ်တက်လာရေးမှာ စာအုပ်ရှာပေးသူဟာ အခရာပဲ။ သူက တာဝန်ကျေရင် ကောင်းတယ်။ စေတနာထပ်ဆောင်းရင် ပိုကောင်းတယ်။ လိုချင်တဲ့စာအုပ်ရသွားတဲ့ စာရှာသူရဲ့ကျေနပ်ဝမ်းမြောက်မှုကို ပီတီဖြစ်တတ် ခံစား တတ်တယ်ဆိုရင်တော့ အကောင်းဆုံံးပါပဲ။ စာအုပ်စင်တွေအကြားမှာ လူးလာခေါက်ပြန်သွားပြီး စာအုပ်ရှာအလုပ်နဲ့စခဲ့တဲ့ စာကြည့်တိုက်သမားဟာ ခုထက်ထိလည်း စာအုပ်ရှာပေးနေတုန်းပါပဲ။ စင်တွေကြားကို ကိုယ်တိုင်မရောက်သာတော့တာ ကြောင့်၊မိတ်ဆွေများက သိလိုဖတ်လိုသည်များကို စာငှားဝန်ထမ်းများထံ ဖုန်းဆက်ပြီးအကူအညီတောင်းရပါတယ်။ ထိုက် သင့်တဲ့အချိန်အတွင်းမှာ ဝန်ဆောင်ပေးကြတာကြောင့် စာကြည့်တိုက်သမားတို့ရဲ့ပီတီကို သူတို့လည်းခံစားနေတတ်ကြပြီလို့ နားလည်လိုက်ပါတယ်။ ဒီအချက်ဟာ နောက်ထပ်ကျေနပ်ဖွယ်ရာ ပီတီတစ်ပါးပါ။
ဦးသိန်းရွှေ
အကြံပေး
မြန်မာနိုငိငံစာကြည့်တိုက်အသင်း