စာကြည့်တိုက်
” စာကြည့်တိုက်” သည်ခေါင်းစဉ် ကိုယ်တိုင်လှစ်ဟပြထားတဲ့ မူရင်းအနက်မှာကိုက၊ စာကိုကြည့်သည့်နေရာဌာန ဆိုတာ ပေါ်လွင်ပြီးသားပါ။
ခေတ်အခြေအနေတွေ ပြောင်းလဲလာတာနဲ့အမျှ၊ အဆင့်မြင့် နည်းပညာတွေ အရှိန်အဟုန်ကောင်းကောင်းနဲ့ ဖွံ့ဖြိုးတိုးတက်ချီတက်လာတာနဲ့အမျှ၊ ကမ္ဘာတဝှန်း နေရာဒေသအသီးသီး နယ်ပယ်အသီးသီးမှာ ပြုပြင်မှု တွေ ပြောင်းလဲမှုတွေ ဆက်တိုက်ဆိုသလို ထွက်ပေါ်ထင်ရှားလာကြတယ်။
စာကြည့်တိုက်တွေမှာလည်း မူရင်းလုပ်ငန်းဆောင်တာတွေအပြင် ဆိုင်ရာဆိုင်ရာ လိုအပ်ချက်တွေအလိုက် ပြုပြင်ပြောင်းလဲမှု ရေစီးကြောင်းထဲ ဝင်ရောက်စီးမြောလာခဲ့တာပါပဲ။ သက်ဆိုင်သူများအနေနဲ့၊ စိတ်ရောကိုယ်ပါ လုပ်ပေးနိုင်ရင် လုပ်ပေးနိုင်သလောက် အကျိုးများကြရတာပါပဲ။
ခေတ်မီမီကမ္ဘာကြည့် ကြည့်မြင် ဆိုတဲ့ ဆရာမြို့မငြိမ်းရေးတဲ့ သီချင်းစာသားလေးကို သေချာ ခံစားမြော်မြင်ကြည့်ရင်၊ တိုးတက်သော ခေတ် စံနစ်၊ လူသားကောင်းစားရေးနဲ့ ကမ္ဘာကြီးသာယာငြိမ်းချမ်းေရးေတွမှာ သက်ရှိလူသားအားလုံး ပါဝင်ကြရမှာဆိုတဲ့ သတင်းစကားလေးကို တွေ့မြင်နိုင်ပါတယ်။
သည်ဆောင်းပါးမှာတော့ သည်လို အကြောင်းအရာတွေနဲ့ ကင်းကွာလို့မရတဲ့ စာကြည့်တိုက်နဲ့ စာကြည့်တိုက်အမှုထမ်းအားလုံး (တာဝန်ခံသူ၊ တာဝန်ယူသူ၊ စီမံကိန်းရေးဆွဲသူတို့ကအစ၊ ရာထူးအကြီးဆုံးကနေ၊ အနိမ့်ဆုံးအထိ)၊ မိမိတို့ဝန်းကျင် နေထိုင်သူများအ နေ နဲ့၊ အသိ၊ ပညာ၊ ဗဟုသုတ ၊ ဆင်ခြင်ဉာဏ်အမြော်အမြင် တိုးတက်သည်ထက် တိုးတက်လာစေဖို့တင်မက၊ ပတ်ဝန်းကျင် အေးချမ်းသာယာပျော်ရွှင်ရေး၊ ကလေး၊ လူငယ် လူကြီး အသီးသီး ပညာပြည့်စုံနိုင်သမျှ ပြည့်စုံစေရေးအတွက်၊ ပညာလိုချင်တောင့်တလာစေရေး၊ စာဖတ်သူပွားများလာစေရေးတို့အတွက်၊ အရင်ဆုံး အူမတောင့်နိုင်စေတဲ့ စီမံချက်အသေးလေးတွေ၊ စာကြည့်တိုက်က ဦးဆောင်ဦးရွက် ဆောင်ရွက်ေပးနိုင်တာလေးတွေ ရှိတဲ့အ ကြောင်းဇောင်းပေးတင်ပြလိုပါတယ်။
အပြည်ပြည်ဆိုင်ရာကျောင်းတခုမှာ ၁၈ နှစ်နီးပါး အလုပ်လုပ်ခဲ့တုန်းက နိုင်ငံခြားသားဆရာများ ဦးဆောင်ပြီး ဆရာ ဆရာမများ ကျောင်းသား ကျောင်းသူများနဲ့ အသင်းအဖွဲ့တခုဖွဲ့စည်းလို့၊ special loan projects (နှစ်ရှည်ချေးငွေ စီမံကိန်းငယ်များ) လုပ်ခဲ့ကြတယ်။
စီမံကိန်းဆိုတဲ့အတိုင်း၊ သူ့ သက်ဆိုင်ရာ ကဏ္ဍအသီးသီး – ဥပမာ။ ။ ရန်ပုံငွေရှာဖွေခြင်း၊ ကွင်းဆင်းလေ့လာခြင်း၊ လိုအပ်ချက်များပြင်ဆင်ခြင်း၊ ဆွေးနွေးညှိနှိုင်းတိုင်ပင်ခြင်း၊ လုပ်အား နှင့် လုပ်ငန်း ခွဲဝေသတ်မှတ်ပေးခြင်း၊ စသည်ဖြင့် မိမိတို့အားလပ်ချိန်များကိုပါ အသုံးချလို့ ကျရာနေရာကနေ၊ ဆောင်ရွက်ကြတာပါ။
အခုလိုဆိုတော့ စာသံပေသံနဲ့၊ စာကြည့်တိုက်က စာငှား၊ စာအပ်၊ စာဖတ်သူလမ်းပြလုပ်ရတာ၊ ဘယ်လိုသက်ဆိုင်လို့ပါလဲ မေးချင်စရာပါ။
တကယ်တော့ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်လျက်သော်လည်းကောင်း၊ သက်ဆိုင်နေတာပါ။
ကိုယ်တိုင် စာဖတ်ဖို့ဆိုတာ၊ ကိုယ့်သားသမီး တူ တူမတွေကို စာကြည့်တိုက်သွားသုံးခိုင်းဖို့ဆိုတာ၊ အူမနည်းနည်းတောင့်မှလည်းဖြစ်တာမဟုတ်လား။ ‘စာမတတ်သူတို့ဝိုင်းကူ’ လို့ ဆရာ ဇော်ဂျီ @ ဦးသိန်းဟန် က ပြောခဲ့တာမှာ၊ စာဖတ်ဖို့အရေး လိုအပ်တာတွေ ဖေးမပေး လို့၊ သည်လိုအနက်လည်း ပါနေတာပဲလို့ နားလည်ခံယူမိပါတယ်။
ဒါကြောင့်လိုရင်းကို ပြန်ကောက်ရမယ်ဆိုရင်၊ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်နေသူတွေဟာ၊ သည်လို စီမံကိန်းလေးတွေကို လက်တွေ့ အကောင်အထည် ဖော်ကြည့်နိုင်ပါတယ်လို့ဆိုချင်ပါတယ်။
သည်စီမံချက်မှာ၊ မိမိပတ်ဝန်းကျင်မှာရှိတဲ့၊ သို့မဟုတ် လိုအပ်ချက်ရှိသော နေရာဒေသတခုကို အထိုင်ချရွေးချယ်ပြီး၊ အဲသည်မှာမှီတင်းနေထိုင်ကြတဲ့ သူတွေ၊ ကျွမ်းကျင်မှုရှိ၊ အရင်းအနှီးမတတ်နိုင်တဲ့သူများကို ဦးတည်ရည်ရွယ်ချက်ထားပါတယ်။
ထိုသူများ၊ လုပ်ငန်း (ကိုယ်ကျွမ်းကျင်ရာ၊ တနိုင်) တခုစဖို့ နှစ်ရှည်ချေးငွေ ချေးပေးတယ်။ အတိုးမဲ့ပါ။
ကာလငယ်လေးတခုသတ်မှတ်ထားတယ် (၃ လ ၆ လ စသည်)။ အဲသည်အချိန်ကစပြီး ချေးငွေကို လချင်းခွဲပြီး ပြန်ဆပ်ရတယ်။ သတ်မှတ်ချေးငွေ၊ သတ်မှတ်ကာလ စသည်၊ အချိန်တခုရောက်တဲ့အခါ၊ အကြွေးကင်းရှင်းပြီး၊ လုပ်ငန်းလည်းကိုယ်ပိုင် ဖြစ်သွားတယ်။ တချို့က ကိုယ်ကျွမ်းကျင်ရာ စက်ချုပ်ဆိုင်၊ ဆံပင်ညှပ်ဆိုင်၊ မုန့်ရောင်း၊ ဈေးရောင်း စသည်၊ တချို့ကတော့ မိသားစုလိုက် လုပ်လို့ရတာလေးတွေ ထူထောင်ကြတယ်။ ကုန်စုံဆိုင်လေးသဘောမျိုး။
Project တခုစရင် မိသားစု ၃ စု၊ ၄ စု၊ ၅ စုလောက် (သည်ထက်လည်းပိုနိုင်) ကို ထူထောင်ပေးနိုင်ခဲ့တယ်။
တခုပဲ။ အလိမ်အညာ ကိုယ်ကျိုးရှာကင်းတဲ့၊ အစစ်အမှန်လိုအပ်သူ၊ အလုပ်တကယ်လုပ်ချင်ပြီး အရင်းအနှီးမရှိသူများကို တည်တည်ကြည်ကြည် ထောက်ခံပေးသူများ လိုအပ်တယ်။ တကယ့် ပရဟိတ အလုပ်ပါပဲ။ ထို့ပြင်တဝ၊ အချိန်ပိုလေးတွေရလာတော့ စာဖတ်ခန်းများ၊ စာကြည့်တိုက်များဆီ၊ ခြေဦးလှည့်လာနိုင်ကြပြီပေါ့။ Win-Win situation နော်။
မှတ်ချက်။ ။
နောင်အခါများမှ အလျဉ်းသင့်ရင်၊စာကြည့်တိုက်မှ ကလေးများအတွက်သီးသန့်နေရာ (children’s corner) အကြောင်းလေး ကိုယ်တိုင် ဘယ်လိုပါဝင်ဆောင်ရွက်ခဲ့တဲ့အကြောင်း ရေးကြည့်ပါဦးမယ်။
ဒေါ်စိုးစိုးလင်း
စာကြည့်တိုက်မှူး(ငြိမ်း)
International School of Myanmar(ISM)