Librarians notes(20)
MLAရဲ့ Librarian Notes မှာရေးပေးဖို့ မြတ်စန်းငြိမ်းကပြောတော့ ဘာရေးရင်ကောင်းမလဲစဉ်းစားတာ စာကြည့်တိုက်အမျိုးမျိုးမှာလုပ်ခဲ့တဲ့ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေတချို့ကိုရေးမယ်လို့ စိတ်ကူးရခဲ့တယ်။ ပထမဆုံး ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်နဲ့တက္ကသိုလ်များဗဟိုစာကြည့်တိုက်မှာ(အဲ့ဒီတုန်းက စာကြည့်တိုက်က တစ်ခုတည်းဘဲ၊ ၁၉၈၂)နေ့စားဝန်ထမ်းအနေနဲ့ ၆-နှစ်တာလုပ်ခဲ့တုန်းက ရန်ကုန်တက္ကသိုလ်မှာ သင်ကြားနေတဲ့ ဘာသာရပ်ဆိုင်ရာအထောက်အကူပြုစာအုပ်စာတမ်း၊ ကျမ်းတွေ၊ ဗဟုသုတရဖွယ်စာပေတွေ၊ ရသစာပေတွေ၊ စာ-နယ်-ဇင်းပေါင်းစုံတွေနဲ့ ရင်းနှီးခဲ့ပြီး စာကြည့်တိုက်အသုံးပြုသူတွေကို ကူညီပံ့ပို့းပေးခဲ့ရပါတယ်။ အဲ့ဒီကနေ ကွန်ပျူတာတက္ကသိုလ်စာကြည့်တိုက်ကိုပြောင်းရွှေ့တာဝန်ထမ်းဆောင်ရတော့ ဒီစာကြည့်တိုက်မှာ စုဆောင်းထားရှိ တဲ့ စာအုပ်စာတမ်းတွေက အရမ်းကွာသွားပြီ။ မိမိအကျွမ်းတဝင်မရှိသေးတဲ့ဘာသာရပ်ဖြစ်နေတယ်။
Software, Hardware, Programming, Operating system, System, language စတဲ့ ကွန်ပျူတာဆိုင်ရာစာအုပ် တွေဆိုတော့ ဘာသာရပ်ပေးတာ၊မျိုးတူစုခွဲတာတွေမှာ အခက်အခဲတွေ့ခဲ့ရတယ်။ အဲ့ဒီချိန်(၁၉၈၈)တုန်းက ကွန်ပျူတာတွေက အခုလောက်တွင်တွင်ကျယ်ကျယ်အသုံးပြုတာမရှိသေးဘူးလေ။ စာကြည့်တိုက်ကို အသုံးများတဲ့ ဆရာကြီးဦးမြသိန်းဆီက အကူအညီနဲ့ မျိုးတူစုပြု၊ ဘာသာရပ်ခေါင်းစဉ်လေးတွေကို လုပ်ခဲ့ရတယ်။ စာကြည့်တိုက် လာသုံးတဲ့ ဆရာ/မတွေ၊ ကျောင်းသူ/သားတွေဆီကလည်း မေးမြန်းလေ့လာခဲ့ရတယ်။ ၁၉၉၁ရောက်တော့ အိမ်တွင်း စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနစာကြည့်တိုက်ကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ရပါတယ်။ အဲ့ဒီစာကြည့်တိုက်မှာ ရှိတဲ့ စာအုပ်တွေက ကွန်ပျူတာတက္ကသိုလ်မှာ တွေ့ကြုံခဲ့ရတဲ့စာအုပ်တွေနဲ့ တစ်ခြားစီပေါ့၊ ဘာသာရပ်က အိမ်တွင်း စက်မှုလက်မှုလုပ်ငန်းငယ်တွေ၊ တစ်နိုင်တစ်ပိုင်လုပ်ငန်းရှင်တွေကိ အထောက်အကူပြုစေတဲ့၊ပံ့ပိုးပေးတဲ့၊ စာအုပ် စာတမ်းစာစောင်တွေဖြစ်တယ်။
ဥပမာ-ဆပ်ပြာချက်တဲ့လုပ်ငန်း၊လိမ်းဆေးဖော်တဲ့လုပ်ငန်း၊ဖယောင်းတိုင်အမွှေးတိုင်လုပ်တဲ့လုပ်ငန်းတွေ၊ ကျောက်သွေးလုပ်ငန်းငယ်တွေ၊ ဖျော်ရည်လုပ်ငန်းစတဲ့ တစ်နိုင်တစ်ပိုင်လုပ်ငန်းငယ်တွေပေါ့။ အဲ့ဒီလုပ်ငန်းတွေ လုပ်နိုင်ဖို့အတွက် သင်တန်းပို့ချတာတွေလုပ်တဲ့အခါ လေ့လာဖတ်ရှုသင်ကြားနိုင်ဖို့ ဒီစာကြည့်တိုက်က ပံ့ပိုးကူညီ ပေးတာဖြစ်တယ်။ တစ်ခါ ၁၉၉၆ရောက်တော့ ရန်ကုန်ပညာရေးတက္ကသိုလ်စာကြည့်တိုက်ကို ပြောင်းရွှေ့တာဝန် ထမ်းဆောင်ခဲ့ရပြန်တယ်။အဲ့ဒီစာကြည့်တိုက်မှာ ပညာရေးတက္ကသိုလ်ကဖွင့်လှစ်သင်ကြားပေးတဲ့ သင်တန်းအားလုံး (B.Ed, MA, TEFL, PGDT, PGDM, M. Ed, M.Phil, စတဲ့သင်တန်းများ)ဆိုင်ရာပညာရေးစာအုပ်စာတမ်း များကို စုဆောင်းပြီး ကူညီပံ့ပိုးပေးခဲ့ရပါတယ်။ Educational Psychology, Educational Philosophy, Teaching method စတဲ့ စာအုပ် စာတမ်းမျိုးတွေပေါ့။
၂၀၀၅ ခုနှစ်ရောက်တော့ ရန်ကုန်အဝေးသင်တက္ကသိုလ်စာကြည့်တိုက်ကို ပြောင်းရွှေ့တာဝန်ထမ်းဆောင် ရပြန်တယ်။ အဲ့ဒီစာကြည့်တိုက်မှာရောက်တော့ အဝေးသင်တွေအတွက် သင်ရိုးပြုစုဖို့၊ TV သင်ခန်းစာရိုက်ကူးရေး တို့အတွက် အ ထောက်အကူဖြစ်စေတဲ့ စာအုပ်စာတမ်းတွေ၊ဂျာနယ်တွေ၊ tape, video တွေကို စုဆောင်းထားရှိရ ပြန်တယ်။ အဲ့အချိန်မှာ စာကြည့်တိုက်တွေက e-library ကို ခြေလှမ်းစပြုနေပြီလေ။ ဆရာ/မ ကျောင်းသူ/သား တွေ လိုအပ်ချက်တွေကို Internetမှတဆင့် e-book, e-journal တွေနဲ့ပံ့ပိုးကူညီခဲ့ရပါတယ်။
၂၀၁၆ ရောက်တော့ တက္ကသိုလ်များဗဟိုစာကြည့်တိုက်ကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ရပါတယ်။ အဲ့ဒီ အခါမှာတော့ စာကြည့်တိုက်တွေမှာ Computerတွေရော၊ ဆက်စပ်ပစ္စည်းတွေရော၊ Internet စတာတွေပါ တော် တော်များများရှိနေပြီဖြစ်ပါတယ်။ စာကြည့်တိုက်တာဝန်ထမ်းဆောင်ပေးခဲ့တဲ့လုပ်သက်လည်းရလာတာရယ်၊ အတွေ့ အကြုံတွေရယ် တော်တော်ရနေပြီဖြစ်တဲ့အတွက် ဘာသာရပ်အတော်အသင့်မှာ တီးမိခေါက်မိနေပြီပေါ့။ အဲ့ဒီစာကြည့် တိုက်မှာ e-book, e-journal, e-database, e-resources တွေကို EIFL( Electronic Information for Libraries)ရဲ့ အကူအညီနဲ့ဝယ်ယူစုဆောင်းခဲ့ပါတယ်။
ပြောချင်တာက စာကြည့်တိုက်မှူးပဲဖြစ်ဖြစ် စာကြည့်တိုက်မှူးတာဝန်ထမ်းဆောင်ရတဲ့သူပဲဖြစ်ဖြစ် ကိုယ် တာဝန်ထမ်းဆောင်ရတဲ့ စာကြည့်တိုက်ကို အသုံးပြုတဲ့ ကျောင်းသူ/သား၊ ဆရာ/မ၊ ပြင်ပသုတေသီ၊ စာပေလေ့လာသူ များ စတဲ့ စာရှာသူတွေကို ကျေနပ်ဖို့ ကူညီပံ့ပိုးပေးနိုင်ဖို့ သက်ဆိုင်ရာစာအုပ်စာတမ်းတွေစုဆောင်းထားနိုင်ဖို့အတွက် မသိမကျွမ်းတာတွေကို မေးမြန်းလေ့လာဆည်းပူးဖို့လိုအပ်သလို ကိုယ့်စာကြည့်တိုက်မှာရှိတဲ့ စာအုပ်စာပေ စာတမ်း စတာတွေနဲ့လည်း ရင်းနှီးကျွမ်းဝင်နေဖို့လိုအပ်ပါတယ်ဆိုတာ ပြောရင်းနိဂုံးချုပ်လိုက်ပါတယ်။
ဒေါ်ယုယုတင်
စာကြည့်တိုက်မှူး(ငြိမ်း)
တက္ကသိုလ်များဗဟိုစာကြည့်တိုက်